ကိုရီးယားမှာ တက္ကသိုလ်ပြီးတာနဲ့ အလုပ်ပဲ ချက်ချင်းရှာရမယ်လို့ သင်ထင်ပါသလား?
အားလုံးပဲ...ဒီမေးခွန်းနဲ့ပတ်သက်ပြီး သင် ဘယ်လိုထင်ပါသလဲ?
ပြီးခဲ့တဲ့တစ်ခေါက်တုန်းကတော့ ကိုရီးယားမှာ အလုပ်ရှာဖို့အတွက် မဖြစ်မနေရေးရတဲ့ အလုပ်ရှာဖွေရေး လှုပ်ရှားမှုအစီအစဉ် (구직활동계획서) အကြောင်း ပြောပြပေးခဲ့ပါတယ်။ ဒါကြောင့် လူအများစုက D-10 ဗီဇာကို “အလုပ်ရှာဖို့အတွက်ပဲရတဲ့ ဗီဇာ” လို့ပဲ ထင်နေကြပါလိမ့်မယ်။ ဒါပေမဲ့ အားလုံးကတော့ အလုပ်ပဲ ရွေးချယ်ကြတာမဟုတ်ပါဘူး။ ဘွဲ့ရပြီးတာနဲ့ ချက်ချင်းကို ကိုယ်ပိုင်စီးပွားရေးတစ်ခုကိုလည်း စတင်နိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ “D-10 ဗီဇာနဲ့ ကိုရီးယားမှာ ကိုယ့်ပိုင်လုပ်ငန်းတစ်ခုကို ချက်ချင်းစတင်ချင်တယ်” လို့ စဉ်းစားနေတဲ့သူတွေအတွက် လုပ်ငန်းစတင်ရန် လှုပ်ရှားမှုအစီအစဉ် (창업활동계획서) ကို ဘယ်လိုပြင်ဆင်ရမလဲဆိုတာ ပြောပြပေးပါမယ်။
📌 D-10 ဗီဇာ၊ အလုပ်ရှာဖို့အတွက်ပဲ မဟုတ်ပါဘူး
လူအများစုက D-10 ဗီဇာကို ‘အလုပ်ရှာတဲ့ ဗီဇာ’ လို့ပဲ သိကြပေမဲ့ တကယ်တမ်းကတော့ စီးပွားရေးလုပ်ငန်းစတင်ဖို့အတွက်လည်း လျှောက်ထားနိုင်ပါတယ်။ ဒါက ဘွဲ့ရပြီးတာနဲ့ အလုပ်အကိုင်မရှာဘဲ ကိုယ့်ပိုင်စီးပွားရေးကို ကိုရီးယားမှာ တရားဝင်စတင်နိုင်တယ်လို့ ဆိုလိုတာပါ။ ဒါ့ကြောင့် ဘွဲ့ရတာဟာ အလုပ်ရှာဖို့အတွက်ပဲ မဟုတ်ဘဲ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့အတွက် ပထမဆုံးခြေလှမ်းတစ်ခုလည်း ဖြစ်နိုင်ပါတယ်။
📝✍️ လုပ်ငန်းစတင်ရန် လှုပ်ရှားမှုအစီအစဉ်၊ ဒါက ဘာလဲ၊ ဘယ်လိုရေးရမလဲ?
လုပ်ငန်းစတင်ရန် လှုပ်ရှားမှုအစီအစဉ်ဆိုတာက “ကျွန်တော် စီးပွားရေးလုပ်ချင်ပါတယ်” လို့ ရေးတဲ့ စာရွက်တစ်ရွက် မဟုတ်ပါဘူး။ ဒါက လူဝင်မှုကြီးကြပ်ရေးအရာရှိကို “ကျွန်တော့်မှာ စိတ်ကူးတစ်ခုတည်းရှိတာ မဟုတ်ပါဘူး၊ အကောင်အထည်ဖော်ဖို့လည်း အဆင်သင့်ဖြစ်နေပါပြီ” လို့ ပြသတဲ့ စီးပွားရေးလုပ်ငန်း အကောင်အထည်ဖော်မယ့် အစီအစဉ်စာရွက်တစ်ခု ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်တော့ ဒါဟာ သင့်ရဲ့စိတ်ကူးတွေကို လက်တွေ့ကျတဲ့ လုပ်ငန်းအစီအစဉ်အဖြစ် ပြောင်းလဲပေးမယ့် လမ်းပြမြေပုံတစ်ခုလို့ ယူဆနိုင်ပါတယ်။
၁။ လုပ်ငန်းစဥ်အမျိုးအစား
ဘယ်လို ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှုကို ရောင်းချမယ်ဆိုတာကို အသေးစိတ်ရေးရပါမယ်။
ဥပမာ- IT အက်ပလီကေးရှင်း၊ အလှကုန်ပစ္စည်းအမှတ်တံဆိပ်၊ အွန်လိုင်း ပလက်ဖောင်း၊ ပညာရေးဆိုင်ရာ အကြောင်းအရာများ စသည်ဖြင့်ပေါ့။
၂။ ဈေးကွက်ဆန်းစစ်ချက်
သင့်ရဲ့ဖောက်သည်တွေက ဘယ်သူတွေလဲ၊ ပြိုင်ဘက်တွေက ဘယ်သူတွေလဲ၊ သင့်ရဲ့ထူးခြားတဲ့အားသာချက်က ဘာလဲဆိုတာကို ပြသရပါမယ်။
စစ်တမ်းများ၊ စာရင်းအင်းများ၊ သုတေသနအစီရင်ခံစာများ စတဲ့ အထောက်အထားတွေကို ပူးတွဲတင်ပြနိုင်ရင် ပိုကောင်းပါတယ်။
၃။ အကောင်အထည်ဖော်မည့် အစီအစဉ် (၆ လ လမ်းပြမြေပုံ)
လစဉ် ဘယ်လိုလှုပ်ရှားမှုတွေကို အဆင့်လိုက်လုပ်ဆောင်သွားမယ်ဆိုတာ စီစဥ်ပြီး ရေးပါ။
ဖော်ပြမှုတွေက မရှင်းလင်းမနေဘဲ တိကျတဲ့ကိန်းဂဏန်းတွေနဲ့ လုပ်ဆောင်ချက်ကို အဓိကထားတဲ့ ရည်မှန်းချက်တွေကို ရေးပါ။
၄။ ဘဏ္ဍာရေးအစီအစဉ်
ငွေတွေကို ဘယ်ကရယူမယ်၊ ဘယ်နေရာမှာ သုံးစွဲမယ်ဆိုတာ မဖြစ်မနေ ထည့်သွင်းရပါမယ်။
စုဆောင်းငွေ၊ မိသားစုရဲ့အကူအညီ၊ ရင်းနှီးမြှုပ်နှံမှု၊ အစိုးရရဲ့ထောက်ပံ့ငွေ စတဲ့ ရငွေရင်းမြစ်တွေကို ရှင်းရှင်းလင်းလင်း ဖော်ပြပါ။
၅။ အထောက်အထားစာရွက်များ
မူပိုင်ခွင့်၊ လုပ်ငန်းလိုင်စင်၊ လုပ်ငန်းအစီအစဉ်ပုံစံ၊ ဘဏ်စာရင်းလက်ကျန်အထောက်အထား၊ ကုန်ပစ္စည်းနမူနာ စတဲ့ တကယ့်အထောက်အထားတွေကို ပူးတွဲတင်ပြရင် ယုံကြည်စိတ်ချရမှု ပိုမိုမြင့်မားလာပါလိမ့်မယ်။
📅 ၆ လတာ လုပ်ငန်းစတင်ခြင်း လှုပ်ရှားမှု နမူနာ
ပထမလ (1st month): ဈေးကွက်ရှာဖွေခြင်းနှင့် လုပ်ငန်းအမျိုးအစားသတ်မှတ်ခြင်း
စက်မှုလုပ်ငန်းရဲ့ ခေတ်ရေစီးကြောင်းကို ဆန်းစစ်ခြင်းနှင့် ပြိုင်ဘက်များကို လေ့လာခြင်း- အစိုးရရဲ့ စာရင်းအင်းနှင့် အစီရင်ခံစာများကို လေ့လာစစ်ဆေးခြင်း၊ အနည်းဆုံး လုပ်ငန်း ၅ ခုကို နှိုင်းယှဉ်ခြင်း (စျေးနှုန်း၊ ဝန်ဆောင်မှု၊ ဖောက်သည်ရဲ့ တုံ့ပြန်မှု)
ဖောက်သည်များကို လေ့လာခြင်းနှင့် လုပ်ငန်းအမျိုးအစားကို သတ်မှတ်ခြင်း- အွန်လိုင်း စစ်တမ်း ၂၀၀၊ လူတွေ့မေးမြန်းမှု ၂၀ ပြုလုပ်ခြင်း၊ ဈေးကွက်အရွယ်အစားနှင့် ထူးခြားတဲ့အချက်တွေကို အခြေခံပြီး နောက်ဆုံးဆုံးဖြတ်ခြင်း
ဒုတိယလ (2nd month): လုပ်ငန်းပုံစံနှင့် ဘဏ္ဍာရေးအစီအစဉ်ကို တိကျအောင်ပြုလုပ်ခြင်း
လုပ်ငန်းပုံစံတည်ဆောက်ခြင်း- ဖောက်သည်အပိုင်းအခြား၊ ဝင်ငွေတည်ဆောက်ပုံတို့ ပါဝင်တဲ့ လုပ်ငန်းအစီအစဉ်ကို ရေးဆွဲခြင်း
ငွေကြေးနှင့် စာရင်းအင်းအစီအစဉ်- စုဆောင်းငွေ၊ မိသားစုအထောက်အပံ့၊ ရင်းနှီးမြှုပ်နှံမှု၊ ထောက်ပံ့ငွေ စတဲ့ ရငွေရှာပုံကို သတ်မှတ်ခြင်း၊ အသုံးစရိတ် (ငှားရမ်းခ၊ လုပ်အားခ၊ စျေးကွက်ရှာဖွေရေးစရိတ် စသည်ဖြင့်) ကို ခွဲခြားသတ်မှတ်ခြင်း
တတိယလ (3rd month): ကုန်ပစ္စည်းနမူနာ ထုတ်လုပ်ခြင်းနှင့် ကြော်ငြာချန်နယ် တည်ဆောက်ခြင်း
ထုတ်ကုန်ဖန်တီးခြင်း- ကုန်ပစ္စည်းနမူနာ ထုတ်လုပ်ခြင်း၊ လုပ်ငန်းအမှတ်တံဆိပ် (လိုဂို၊ ဆောင်ပုဒ်) ဖန်တီးခြင်း
ကြော်ငြာချန်နယ်တည်ဆောက်ခြင်း- ဝက်ဘ်ဆိုဒ်၊ လူမှုကွန်ရက်စာမျက်နှာများ ဖွင့်လှစ်ခြင်းနှင့် အကြောင်းအရာ (ဗီဒီယို၊ ပို့စ်၊ ကဒ်သတင်း) များကို ပြင်ဆင်ခြင်း
စတုတ္ထလ (4th month): စားသုံးသူများအား စမ်းသပ်စစ်ဆေးခြင်းနှင့် ဝန်ဆောင်မှုကို တိုးတက်အောင်ပြုလုပ်ခြင်း
စမ်းသပ်မှု ပြုလုပ်ခြင်း- အနည်းဆုံး သုံးစွဲသူ ၅၀ ယောက် ပါဝင်ပြီး တုံ့ပြန်မှု စစ်တမ်းများနှင့် လူတွေ့မေးမြန်းမှုများ ပြုလုပ်ခြင်း
တိုးတက်အောင် ပြုလုပ်ခြင်းနှင့် ကွန်ရက်ချိတ်ဆက်ခြင်း- ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကို ဖြည့်စွက်ခြင်း၊ လုပ်ငန်းစတင်ခြင်းဆိုင်ရာ ဆွေးနွေးပွဲများနှင့် လမ်းညွှန်မှု လှုပ်ရှားမှုများတွင် ပါဝင်ခြင်း
ပဉ္စမလ (5th month): ရင်းနှီးမြှုပ်နှံသူများနှင့် တွေ့ဆုံခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးခြင်း
ငွေကြေးရှာဖွေခြင်း- Angel Investor များ၊ Accelerator များအတွက် IR Pitching (စီးပွားရေးဆိုင်ရာ တင်ဆက်မှု) ပြုလုပ်ခြင်း၊ အစိုးရရဲ့ ထောက်ပံ့ငွေလုပ်ငန်းအတွက် လျှောက်ထားခြင်း
ပူးပေါင်းဆောင်ရွက်ခြင်းနှင့် စျေးကွက်ရှာဖွေခြင်း- ဖြန့်ဖြူးရေးလုပ်ဖော်ကိုင်ဖက်များနှင့် ညှိနှိုင်းခြင်း၊ လူမှုကွန်ရက်ကြော်ငြာနှင့် သြဇာရှိသူများ (Influencer) နှင့် ပူးပေါင်းဆောင်ရွက်ခြင်း
ဆဋ္ဌမလ (6th month): ကုန်ပစ္စည်း ထုတ်လုပ်ခြင်းနှင့် ပထမဆုံးဖောက်သည် ရရှိခြင်း
ဝန်ဆောင်မှု ထုတ်လုပ်ခြင်း- MVP (အနိမ့်ဆုံးအသုံးပြုနိုင်သော ထုတ်ကုန်) ကို တရားဝင်စတင်ခြင်း၊ ပထမဆုံးဖောက်သည်များနှင့် စာချုပ်ချုပ်ဆိုခြင်းနှင့် ရောင်းအားစတင်ရရှိခြင်း
တိုးချဲ့ရန် ပြင်ဆင်ခြင်း- တုံ့ပြန်မှုအပေါ် အခြေခံပြီး တိုးတက်အောင်လုပ်မယ့် လမ်းပြမြေပုံကို ရေးဆွဲခြင်း၊ အမြတ်အစွန်းဆန်းစစ်ခြင်း၊ နောက်ထပ် ရင်းနှီးမြှုပ်နှံမှုနှင့် ဒုတိယအဆင့် ဖန်တီးရေး အစီအစဉ်ကို ရေးဆွဲခြင်း
💡 အထူးအကြံပြုချက်များ
ကိန်းဂဏန်းများနှင့် အထောက်အထားများကို မဖြစ်မနေထည့်သွင်းပါ။ (ဥပမာ- စစ်တမ်း ၂၀၀၊ ရင်းနှီးမြှုပ်နှံသူနှင့် တွေ့ဆုံမှု ၃ ကြိမ်)
“ကိုယ်ပိုင်အရည်အချင်းမြှင့်တင်ခြင်း” လိုမျိုး မရေရာတဲ့ စကားလုံးတွေကို ရှောင်ပြီး လုပ်ဆောင်ချက်ကို အဓိကထားတဲ့ စကားလုံးတွေကို သုံးပါ။
အထောက်အထားတွေကို တတ်နိုင်သမျှ များများပြင်ဆင်မယ်ဆိုရင် အရာရှိရဲ့ ယုံကြည်မှုကို ရရှိနိုင်ပါတယ်။
🚀 ဘွဲ့ရပြီးတာနဲ့ ချက်ချင်းကို စီးပွားရေး စတင်လိုက်ပါ
သင်ရဲ့အိပ်မက်ကို လိုက်ပြီး ကိုရီးယားမှာ အလုပ်ရှာတာတစ်ခုတည်းက အဖြေမဟုတ်ပါဘူး။ ဘွဲ့ရပြီးတာနဲ့ ချက်ချင်းကို လုပ်ငန်းရှင်တစ်ယောက်ရဲ့ လမ်းကို ရွေးချယ်နိုင်ပါတယ်။ ဒီ လုပ်ငန်းစတင်ရန် လှုပ်ရှားမှုအစီအစဉ်ဟာ ဗီဇာအတွက် စာရွက်တစ်ရွက်သက်သက် မဟုတ်ဘဲ၊ သင့်ရဲ့လုပ်ငန်းစတင်မယ့် လမ်းပြမြေပုံ ဖြစ်ပါတယ်။ D-10 ဗီဇာကနေတစ်ဆင့် ကိုရီးယားမှာ အစပြုချက်အသစ်တစ်ခုကို ဖန်တီးလိုက်ပါ။ 👉 ကိုရီးယားမှာ စီးပွားရေးလုပ်ဖို့ စိတ်ကူးရှိတယ်ဆိုရင် အခုပဲ လုပ်ငန်းစတင်ရန် လှုပ်ရှားမှုအစီအစဉ် (창업활동계획서) ကို ရေးသားလိုက်ပါ။ သင်ရဲ့ပထမဆုံး လုပ်ငန်းရှင်ခရီးစဥ် မကြာခင် စတင်တော့မှာပါ။
နောက်ထပ် သိချင်တာတွေ ရှိရင်လည်း အချိန်မရွေး comment မှာ မေးထားခဲ့ပါဦးနော်! 😉
창업활동계획서 Image