한국에서 꿈을 이루세요.

지금 바로 비잡과 함께 시작하세요.

🎓 ကျောင်းပြီးပြီလား? ဂုဏ်ယူပါတယ်... ဒါပေမဲ့ အခုတော့ D-10 ဗီဇာ စာရွက်စာတမ်းစစ်ပွဲ စပါပြီနော်!

(🚨 သတိပေးချက်: အသုံးဝင်တဲ့ လက်တွေ့အကြံပြုချက်တွေပါပါတယ်။ ကျွန်မလို ခက်ခက်ခဲခဲ မလုပ်ရအောင်လို့ပါ!)

အားလုံးပဲ... နောက်ဆုံးတော့ အဲ့ဒီနေ့ ရောက်လာပါပြီ။ ဘွဲ့ယူပွဲနေ့မှာ ဘွဲ့ယူဦးထုပ်လေးကို ကောင်းကင်ပေါ် ပစ်တင်ပြီး "ငါ အခု လွတ်လပ်ပြီ!!" ဆိုပြီး အော်ဟစ်ဖို့ အချိန်တန်ပါပြီလို့ စဉ်းစားနေတုန်း... ကျွန်မမျက်စိရှေ့မှာ 'ဗီဇာ' ဆိုတဲ့ နောက်ဆုံးဘော့စ်ကြီးတစ်ကောင် ရောက်ချလာပါတော့တယ်။ 🥺 ကျောင်းပြီးလို့ ပျော်ရွှင်မှုဆိုတာ ခဏလေးပါပဲ၊ ကျောင်းသားဗီဇာ D-2 ကနေ အလုပ်ရှာဖွေရေးဗီဇာ D-10 ကို ပြောင်းရမယ့် ကြီးမားတဲ့ မစ်ရှင်ကြီးတစ်ခု ကျွန်မလက်ထဲ ရောက်လာခဲ့ပါတယ်။

စာရွက်စာတမ်းစာရင်းကို ကြည့်လိုက်တော့ ကျွန်မကို အကြီးမားဆုံး ခေါင်းခြောက်စေခဲ့တာကတော့ နာမည်တောင် မကြားဖူးသေးတဲ့ 'အလုပ်ရှာဖွေရေး လှုပ်ရှားမှုအစီအစဉ် (구직활동계획서)' ဆိုတာပါပဲ။ "အဲဒါ ဘာကြီးလဲ? မနက်ဖြန် ဘာစားရမလဲတောင် မသိတာကို ၆ လစာ အနာဂတ်အစီအစဉ်ကို ရေးခိုင်းနေတာလား?!" 🤯 ကျွန်မထက် အရင်ကျောင်းပြီးတဲ့ သူငယ်ချင်းလည်း မရှိတော့ တစ်ယောက်တည်း ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပါတယ်။

ဒါပေမဲ့! ကျွန်မလိုပဲ လမ်းပျောက်နေမယ့် သူငယ်ချင်းတွေအတွက် ကျွန်မရဲ့ တကယ့်အတွေ့အကြုံတွေကို ဒီစာထဲမှာ အကုန်မျှဝေပေးချင်ပါတယ်။ ဒီစာတစ်စောင်တည်းနဲ့ စာရွက်စာတမ်းတွေ ပြင်ဆင်တာကနေ ဒီစာရွက်စစ်ပွဲရဲ့ အသက်ဖြစ်တဲ့ 'စာရွက်စာတမ်း' ရေးဆွဲတာအထိ တစ်ခါတည်းနဲ့ ပြီးပြည့်စုံ‌အောင် ပြင်ဆင်နိုင်မှာပါ။


📌 D-10 ဗီဇာ၊ ဒါက တကယ်ကြီးတဲ့ 'မစ်ရှင်' တစ်ခုပဲနော်? 🤨

ပထမဆုံး သိထားရမှာက D-10 ဗီဇာဟာ ကျောင်းပြီးလို့ 'နားဖို့' ဗီဇာ မဟုတ်ဘဲ 'အလုပ်ပြင်ဆင်ဖို့' ဗီဇာပါ။ နောက်ကျရင် ဒုက္ခရောက်နိုင်တာမို့ ဘွဲ့ရတဲ့နေ့ကစပြီး ၁၅ ရက်အတွင်းမှာ မဖြစ်မနေ လျှောက်ထားရပါတယ်။ ကျွန်မကတော့ နေ့လယ်စာစားချိန်မှာ လူဝင်မှုကြီးကြပ်ရေးရုံးကို သွားခဲ့တာ၊ စာရွက်စာတမ်းတွေ တင်ပြီးတော့ သုံးရက် အတွင်းမှာပဲ ဗီဇာကို ရခဲ့တယ်။ 'ဝိုး 😯၊ စာရွက်စာတမ်း ပြင်ဆင်ရတာသာ ခက်ခဲပြီး တင်လိုက်တော့လည်း ခဏလေးပဲရော။ အံ့သြလို့ကိုမဆုံးဘူး။!' လို့ ကျွန်မ တွေးလိုက်မိတယ်။ (ဟုတ်ပါတယ်။ စာရွက်စာတမ်းတွေ အကုန်အပြည့်အစုံ အမှားမပါဘဲ ပြင်ဆင်ထားမှ ဒီလိုဖြစ်တာပါ!)

ကဲ၊ ဗီဇာပြောင်းဖို့ လိုအပ်တဲ့ စာရွက်စာတမ်းစာရင်းကတော့...

  • နိုင်ငံကူးလက်မှတ် & နိုင်ငံခြားသားမှတ်ပုံတင်ကတ် (မူရင်းနဲ့ မိတ္တူ နှစ်ခုလုံး မဖြစ်မနေ လိုအပ်ပါတယ်!)

  • ပေါင်းစည်းလျှောက်လွှာ (ဒါကတော့ ရုံးမှာ သွားရေးလည်း ရပါတယ်)

  • မှတ်ပုံတင်ဓါတ်ပုံ (အနည်းဆုံး ၃ လအတွင်း ရိုက်ထားတာ၊ 3.5×4.5cm။ မျက်နှာ ပေါ်လွင်အောင် ရိုက်ထားတာ ပိုကောင်းပါတယ်!)

  • ၁၃၉,၀၀၀ ဝမ် ငွေသား (💸💸💸 မဖြစ်မနေ ပေးရမယ့် ဗီဇာ 'ပေးဆပ်ငွေ' လို့ပဲ သဘောထားလိုက်ပါ...)

  • ဘွဲ့လက်မှတ် & ဘွဲ့ရမှတ်စာရင်း (ကျွန်မတို့ရဲ့ သွေးနဲ့ချွေးတွေ ရင်းနှီးထားတဲ့ စာရွက်စာတမ်း!)

  • နေထိုင်ကြောင်း အထောက်အထား စာရွက် (အိမ်ငှားစာချုပ် မိတ္တူလိုမျိုး စာရွက်တွေပေါ့)

  • အလုပ်ရှာဖွေရေး လှုပ်ရှားမှုအစီအစဉ် / 구직활동계획서 (ဒီနေ့ရဲ့ ဇာတ်လိုက်ပါ! 🤩)

  • TOPIK အမှတ်လက်မှတ် (ရှိရင် တင်ပြလိုက်ပါ! မရှိလည်း ရပါတယ်။ ဒါပေမဲ့ ရှိရင်တော့ အရမ်းကောင်းပါတယ်!)


📝 'အလုပ်ရှာဖွေရေး လှုပ်ရှားမှုအစီအစဉ်' ကို ဘယ်လိုရေးရမလဲ? (လက်တွေ့အကြံပေးချက်များ + 📝 D-10 အလုပ်ရှာဖွေရေး အစီအစဉ် ၆ လ နမူနာ (ဥပမာ))

တခြားစာရွက်စာတမ်းတွေကတော့ အင်မတန် ရိုးရှင်းပါတယ်၊ ဟုတ်တယ်မလား? တကယ်ပြဿနာက ဒီ 'အလုပ်ရှာဖွေရေး လှုပ်ရှားမှုအစီအစဉ်'(구직활동계획서) ပါပဲ။ လဝက အရာရှိကို ''ကျွန်မ ကိုရီးယားမှာ ဆက်နေပြီး လျှောက်သွားချင်တာ မဟုတ်ပါဘူး! တကယ်ကို ကြိုးကြိုးစားစား အလုပ်လုပ်ဖို့ ပြင်ဆင်နေတာပါ!” ဆိုတာကို ပြသတဲ့ တစ်မျိုးအားဖြင့် 'ကိုယ့်ကိုယ်ကိုယ် PR လုပ်တဲ့ စာရွက်' လို့ တွေးရင် ပိုလွယ်ပါတယ်။

  • လိုချင်တဲ့ အလုပ်အကိုင်အသေးစိတ် (Desired Employment Detail)

    • လိုချင်တဲ့ အလုပ်အကိုင်: နိုင်ငံခြားအရောင်း / Marketing / IT ဝန်ဆောင်မှုစီမံကိန်း (သင့်အခြေအနေနဲ့ ကိုက်ညီတဲ့ တစ်ခုကို ရွေးပါ)

    • လိုချင်တဲ့ ကုမ္ပဏီများ: ပြည်တွင်း IT ကုမ္ပဏီ A၊ ကမ္ဘာ့ကုန်သွယ်ရေးကုမ္ပဏီ B၊ Startup C

  • အလုပ်ရှာဖွေရေး လှုပ်ရှားမှုအစီအစဉ် (Plans for Employment-seeking Activities) (ဥပမာ)

    • ပထမလ (1st month):

      • လိုချင်တဲ့ အလုပ်နဲ့ ကုမ္ပဏီတွေ စာရင်းပြုစုခြင်း (A၊ B၊ C စတဲ့ နေရာ ၁၀ ခုကျော်)

      • အလုပ်ရှာဖွေရေး ပေါ်တယ်တွေ (JobKorea, Saramin, JobKorea Global) မှာ အသင်းဝင်ပြီး ကိုယ့်ရဲ့ ကိုယ်ရေးရာဇဝင် တင်ခြင်း

      • ကိုရီးယား/အင်္ဂလိပ် ကိုယ်ရေးရာဇဝင်၊ ကိုယ့်အကြောင်းမိတ်ဆက်စာ အကြမ်း ရေးဆွဲခြင်း

    • ဒုတိယလ (2nd month):

      • လိုချင်တဲ့ အလုပ်နဲ့ပတ်သက်တဲ့ ဘွဲ့လက်မှတ်များအတွက် (ဥပမာ- ကုန်သွယ်ရေးအင်္ဂလိပ်၊ Google Analytics၊ သတင်းအချက်အလက်နည်းပညာ အင်ဂျင်နီယာ စတာတွေ) အွန်လိုင်းသင်တန်းတွေ စတင်တက်ရောက်ခြင်း

      • လျှောက်မယ့်ကုမ္ပဏီနဲ့ ကိုက်ညီအောင် ကိုယ့်အကြောင်းမိတ်ဆက်စာကို ပြင်ဆင်ဖြည့်စွက်ခြင်း

      • အလုပ်ခေါ်စာတွေ ရှာဖွေပြီး လျှောက်ထားခြင်း (၅ နေရာကျော်)

    • တတိယလ (3rd month):

      • Portfolio ဖန်တီးခြင်း (လုပ်ငန်းစီမံကိန်းများ၊ အစီရင်ခံစာများ စုစည်းခြင်း)

      • ကုမ္ပဏီတွေကို ဒုတိယအကြိမ် ထပ်လျှောက်ခြင်း (၁၀ နေရာကျော်)

      • အစမ်းအင်တာဗျူးတွေမှာ ဝင်ရောက်ဖြေဆိုပြီး အကြံပြုချက်တွေ စုစည်းခြင်း

    • စတုတ္ထလ (4th month):

      • တကယ့် အင်တာဗျူးတွေမှာ ဝင်ရောက်ဖြေဆိုပြီး အောင်/မအောင် မှတ်တမ်းထားရှိခြင်း

      • ကွန်ရက်ချိတ်ဆက်မှု လှုပ်ရှားမှုတွေ လုပ်ခြင်း (အလုပ်နဲ့ဆိုင်တဲ့ ဆွေးနွေးပွဲ၊ အလုပ်ပွဲတော် ၂ ကြိမ်ကျော် ပါဝင်ခြင်း)

      • လုပ်ငန်းခွင်နဲ့ပတ်သက်တဲ့ သင်တန်းတွေ ထပ်ဖြည့်သင်ယူခြင်း (အွန်လိုင်းသင်တန်း ၁ ခု ပြီးဆုံးအောင် တက််ရောက်ခြင်း)

    • ပဉ္စမလ (5th month):

      • Portfolio အပြီးသတ်လုပ်ပြီး အင်တာဗျူးအတွက် လေ့လာမှုအဖွဲ့မှာ ပါဝင်ခြင်း

      • ကုမ္ပဏီအလိုက် လျှောက်လွှာတွေကို တိတိကျကျ ပြင်ဆင်ပြီး လျှောက်ခြင်း (၁၀ နေရာကျော်)

      • လက်ရှိ အလုပ်လုပ်နေသူတွေနဲ့ တွေ့ဆုံပြီး အကြံဉာဏ်တွေ ရယူခြင်း

    • ဆဋ္ဌမလ (6th month):

      • နောက်ဆုံးအင်တာဗျူးအတွက် ပြင်ဆင်ပြီး အောင်မြင်တဲ့ ကုမ္ပဏီနဲ့ ဆွေးနွေးခြင်း

      • ကမ်းလှမ်းချက်တွေကို စစ်ဆေးပြီး စာချုပ်ချုပ်ဆိုခြင်း (ဗီဇာပံ့ပိုးပေးနိုင်တဲ့ ကုမ္ပဏီတွေကို ဦးစားပေးပါ)

      • အစီအစဉ် B: Internship/အလုပ်အကိုင် စာချုပ်နဲ့ဆိုင်တဲ့ နေရာတွေကိုလည်း တစ်ပြိုင်နက်တည်း လျှောက်ထားခြင်း

  • နေထိုင်စားစရိတ်အစီအစဉ် (Financing Plan for Living Costs)

    • ကိုယ်ပိုင်စုဆောင်းငွေ: ○○ဘဏ်စာအုပ် (လက်ကျန်ငွေ ○○ဝမ်၊ အထောက်အထားပြနိုင်သည်)

    • မိဘထံမှ လွှဲပို့ငွေ: လစဉ် ○○ဒေါ်လာ လွှဲပို့သည် (နိုင်ငံခြားငွေလွှဲပြောင်းမှု မှတ်တမ်းအထောက်အထား ပူးတွဲပါသည်)

    • နေထိုင်စားရိတ် အသုံးစရိတ်အစီအစဉ်: အိမ်ငှားခ၊ သွားလာစရိတ်၊ အစားအသောက်ဖိုး စတာတွေကို ဆင်ခြင်တုံတရားနဲ့ တွက်ချက်ပါ (လစဉ် ○○ဝမ်)

  • ✅ ရေးသားနည်း အကြံပေးချက်များ

    • လိုချင်တဲ့ အလုပ်အကိုင်: "ဘာပဲဖြစ်ဖြစ်" လို့ လုံးဝမရေးပါနဲ့၊ တိကျတဲ့ အလုပ်အကိုင်နာမည်ကို ဖော်ပြပါ။

    • လှုပ်ရှားမှုအစီအစဉ်: လစဉ် အချက်အလက်နဲ့ လုပ်ဆောင်ချက် (လျှောက်လွှာ N နေရာ၊ သင်တန်း N ကြိမ်၊ ကွန်ရက်ချိတ်ဆက်မှု N ကြိမ်) အပေါ် အခြေခံပြီး ရေးရင် ပိုကောင်းပါတယ်။

    • နေထိုင်စားစရိတ်: ရိုးသားပြီး အထောက်အထားပြနိုင်တဲ့ နည်းလမ်းများ (ဘဏ်စာအုပ်လက်ကျန်၊ ငွေလွှဲမှတ်တမ်း) ကိုသာ ဖော်ပြပါ။

    • မရေရာတာ/ညာတာကို ရှောင်ပါ: "အလုပ်နယ်ပယ်အမျိုးမျိုးကို လျှောက်ထားသည်" ❌ → "ကုမ္ပဏီ A ရဲ့ Marketing၊ ကုမ္ပဏီ B ရဲ့ နိုင်ငံခြားအရောင်းကို လျှောက်ထားသည်" ⭕

D10 ဗီဇာ စာရွက်စာတမ်းတွေဟာ 'ကိုယ့်ရဲ့ ကိုယ်ပိုင်လမ်းကြောင်းကို ရှာဖွေခြင်း' လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။

အစကတော့ 'ဒီလိုမျိုးတွေ ဘာလို့ ရေးရတာလဲ?' လို့ ကျွန်မ တွေးမိခဲ့ပေမဲ့၊ တကယ်တမ်း ရေးပြီးသွားတဲ့အခါမှာတော့ ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်းလမ်းကြောင်းက ပိုပြီး ရှင်းလင်းလာသလို ခံစားရတယ်။ နောက်လာမယ့် ၆ လအတွင်းမှာ ဘာတွေ လုပ်ရမလဲဆိုတာက ကျွန်မရဲ့ ခေါင်းထဲမှာ သေသေချာချာ ရှင်းရှင်းလင်းလင်း ဖြစ်သွားပါတယ်။ ဒီစာရွက်ဟာ စိတ်ရှုပ်စရာကောင်းတဲ့ စာရွက်စာတမ်းတစ်ခု မဟုတ်ပါဘူး၊ 'ကိုယ့်ရဲ့ နောက်တစ်ဆင့်အတွက် လမ်းပြမြေပုံ’ တစ်ခုလိုမျိုးပါပဲ။

D-2 ကနေ D-10 ကို ပြောင်းဖို့ ပြင်ဆင်နေတဲ့ သူငယ်ချင်းအားလုံး! စာရွက်စာတမ်းတွေရဲ့ ဖိအားကြောင့် စိတ်ပူပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နိုင်ပါတယ်။ ကျွန်မ ဒီစာကနေတဆင့် ပေးခဲ့တဲ့ အကြံပြုချက်တွေကို ကောင်းကောင်း အသုံးချမယ်ဆိုရင် ကျွန်မလိုပဲ တစ်ခါတည်းနဲ့ ဗီဇာပြောင်းလဲမှုကို ပြုလုပ်နိုင်ပြီး စိတ်အေးလက်အေး နောက်တစ်ဆင့်ကို ဆက်သွားနိုင်မှာပါ။ အားလုံးပဲ အားတင်းထားကြပါ၊ ဖိုက်တင်း! 🥳

နောက်ထပ် သိချင်တာတွေ ရှိရင်လည်း အချိန်မရွေး comment မှာ မေးထားခဲ့ပါဦးနော်! 😉

xVf6IJ0BaYVp5KVy6Ajp1AMn

구직활동계획서 Image